အထိုင်များခြင်းကြောင့် ကြွက်သားညောင်းညာကိုက်ခဲခြင်း
၂၁ ရာစုမှာ နည်းပညာတိုးတက်လာတာနဲ့အမျှ လူတွေရဲ့ တစ်နေ့တာလှုပ်ရှားမှုဟာ အရင်ကထက်နည်းသွားပြီး ကျန်းမာရေးပြဿနာတွေ ပိုကြုံလာကြပါတယ်။ လူ့ခန္ဓာကိုယ်က ကျန်းမာနေဖို့နဲ့၊ ကိုယ်တွင်းအင်္ဂါတွေ ပုံမှန်အတိုင်း လုပ်ဆောင်နိုင်ဖို့ ပုံမှန်လှုပ်ရှားပေးနေဖို့ အရေးကြီးပါတယ်။ လှုပ်ရှားမှုတွေ နည်းလာတာနဲ့အမျှ
- ကယ်လိုရီလောင်ကျွမ်းမှုနည်းသွားပြီး အဝလွန်လာနိုင်တယ်။
- သွေးတိုး၊ ဆီးချိုနဲ့ နှလုံးရောဂါ ဖြစ်နိုင်ခြေ များလာမယ်။
- ကြွက်သားတွေ ညောင်းညာကိုက်ခဲပြီး ကြွက်သားထု လျော့နည်းသွားမယ်။
- အရိုးအဆစ်တွေ နာကျင်လာပြီး အရိုးအားနည်းလာမယ်။
- ဦးနှောက်က လေးလံထိုင်းမှိုင်းလာပြီး လန်းဆန်းတက်ကြွမှုတွေ ယုတ်လျော့လာမယ်။
- စိတ်ပျော်ရွှင်မှုတွေ နည်းသွားပြီး စိတ်ဖိစီးမှုဟော်မုန်းတွေ ပိုထွက်လာမယ်။
- နည်းနည်းလေး လှုပ်ရှားတာနဲ့ ပင်ပန်းလာမယ်၊ နုန်းခွေပြီး အားမရှိသလို ဖြစ်လာနိုင်ပါတယ်။
ငြိမ်ငြိမ်လေး ထိုင်နေတာက ကြွက်သားညောင်းတာ သက်သာတာမဟုတ်ဘူးလား၊ ထသွားထလာ လှုပ်ရှားနေမှ ကြွက်သားညောင်းလာမှာ မဟုတ်ဘူးလားလို့ ပြန်ပြီးတော့ မေးခွန်းထုတ်လို့ ရပါတယ်။ တကယ်တမ်းမှာ လှုပ်လှုပ်ရှားရှားနေလို့ ကြွက်သားညောင်းတာ မဟုတ်ဘဲ တစ်နေကုန် အထိုင်များနေတာကြောင့် ခန္ဓာကိုယ်က ဒီငြိမ်သက်နေတဲ့ အခြေအနေကို ကျင့်သားရသွားတာဖြစ်ပြီး နည်းနည်းလေး လှုပ်ရှားလိုက်တာနဲ့ အကျင့်မဖြစ်တဲ့ ခန္ဓာကိုယ်က မောလာသလို ခံစားရတာပါ။ ဒီတော့ အပေါ်က မေးခွန်းကို ပြန်ဖြေရမယ်ဆိုရင် တစ်နေကုန်ထိုင်လို့ ခန္ဓာကိုယ်က မကောင်းတဲ့အကျင့်ပါသွားတဲ့အတွက် လှုပ်လို့ညောင်းတာမဟုတ်ဘဲ အပျင်းကြီးပြီး မလှုပ်ချင်ဖြစ်လာလို့ ညောင်းတယ်လို့ ခံစားရတာလို့ပဲ အဖြေပေးချင်ပါတယ်။
အထိုင်များခြင်းကြောင့် ဘယ်ကြွက်သားတွေ ညောင်းညာကိုက်ခဲမှု အဖြစ်ဆုံးလဲ။
- ဇက်ကြော - တစ်နေကုန်ထိုင်ပြီး အလုပ်လုပ်တဲ့အခါ ကိုယ်မသိလိုက်ခင်မှာပဲ အာရုံအရမ်းစိုက်ပြီး ထိုင်တဲ့အနေအထားမှားသွားကာ ခေါင်းအတင်းငုံ့မိတာ ကြာသွားရင် ဇက်ကြောနဲ့ လည်ပင်းမှာရှိတဲ့ ကြွက်သားတွေ ညောင်းညာကိုက်ခဲနိုင်ပါတယ်။
- ခါးရိုးနဲ့ ကျောပြင် - ဇက်ကြောလိုပါပဲ၊ မှားယွင်းတဲ့အနေအထားနဲ့ ခါးကုန်းပြီး အာရုံစိုက်မိလိုက်တာ ကြာသွားရင် ပြဿနာက ခါးညောင်းလာတာပါပဲ။ ဒီကြွက်သား ၂ ခုက အထိုင်များတဲ့သူတွေမှာ မကြာခဏ ညောင်းညာကိုက်ခဲနေတတ်တဲ့ ကြွက်သားတွေပါပဲ။
- တင်ပဆုံ - ထိုင်တာကြာလာတဲ့အခါ ခန္ဓာကိုယ်တစ်ခုလုံးက ဖိအားတွေက တင်ပဆုံအပေါ်ကနေ ဖိချလိုက်သလို ဖြစ်တဲ့အတွက် တင်ပဆုံညောင်းရုံတင်မကဘဲ တင်ပါးကြွက်သားတွေကို ပြားချပ်သွားစေလို့ ခန္ဓာကိုယ်ကောက်ကြောင်းအလှကိုလည်း ပျက်စီးစေနိုင်ပါတယ်။
- ခြေထောက် - ထိုင်နေစဉ်မှာ မသိသာပေမဲ့ ထသွားလိုက်တဲ့အခါ တစ်နေကုန်မလှုပ်မယှက် ထိုင်နေရတဲ့အတွက် နည်းနည်းလေး ပြန်လှုပ်ရှားမိလိုက်တာနဲ့ ခြေထောက်က ညောင်းညာပြီး အားမရှိသလို၊ ကြွက်တက်သလို ကိုက်ခဲလာတတ်ပါတယ်။
အပေါ်မှာပြောထားခဲ့တဲ့ ၄ နေရာဟာ ခန္ဓာကိုယ်ကြွက်သားတွေအတွက်သာမက အရိုးအဆစ်တွေမှာပါ နာကျင်ကိုက်ခဲမှု အဖြစ်ဆုံးနေရာပါ။ အထိုင်များခြင်းဟာ ကြွက်သားတွေကို နာကျင်ကိုက်ခဲစေရုံသာမက ခန္ဓာကိုယ်ရဲ့ ကြွက်သားထုတွေကို ဆုံးရှုံးသွားစေပြီး သူ့နေရာမှာ အဆီတွေနဲ့ အစားထိုးလိုက်တဲ့အတွက် အသက်ကြီးလာတာနဲ့အမျှ ကျန်းမာရေးဆုတ်ယုတ်လာပြီး ခန္ဓာကိုယ်ပုံသဏ္ဍာန် ပျက်ယွင်းလာနိုင်ပါတယ်။
ဒီပြဿနာကို ကာကွယ်ဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ ကိုယ့်ရဲ့ အထိုင်များပြီး လှုပ်ရှားမှုနည်းနေတဲ့ နေ့စဉ်ဘဝကို ပြင်ဖို့ပါပဲ။
- အလုပ်လုပ်နေတဲ့အချိန် ရေများများသောက်ပြီး ဆီးများများ ထသွားပါ။
- မကြာခဏဆိုသလို လမ်းထလျှောက်ပါ။
- ခန္ဓာကိုယ်ကြွက်သားနဲ့ အရိုးအဆစ်တွေကို အကြောလျှော့ပေးပါ။
- တောက်လျှောက်ထိုင်တာမျိုးထက် လှုပ်လှုပ်ရှားရှားနေပေးပြီး ခန္ဓာကိုယ်အနေအထားကို အမြဲ ပြောင်းနေပေးပါ။
- မနက်ခင်း စောစော ဒါမှမဟုတ် ပိတ်ရက်တွေမှာ လမ်းထလျှောက်ပေးပါ၊ ပြေးပေးပါ။
- တိုက်လှေကားကို အပေါ်နဲ့အောက် အတက်အဆင်း ခပ်သွက်သွက်လုပ်ပေးပါ။
- Gym ကစားပေးပါ။
- ဝါသနာပါတဲ့ အားကစားတစ်ခုကို သေချာလိုက်စားပါ။
- အားလပ်ချိန်တွေမှာ နားချိန်တန်နားသလို၊ မိသားစုလိုက် လျှောက်သွားတာ၊ လည်ပတ်တာ၊ အားကစားအတူလုပ်ပေးနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ရဲမျိုးမြတ်